မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

November 12, 2010

လမ်းလျှောက်ရုံနဲ့ပိန်ပါ့မလား

ပိန်နိုင်ပါတယ်။ ဘယ်လောက်ကြာကြာ လျှောက်သလဲ၊ ဘယ်လောက်ပြင်းပြင်းထန်ထန် လျှောက်သလဲ၊ ဘယ်လို အစားအစာတွေ စားနေသလဲဆိုတာပေါ် မူတည်ပြီး လမ်းလျှောက်တာ တစ်ခုတည်းနဲ့လည်း ပိန်နိုင်ပါတယ်။
ဒါပေမယ့် အစာ လျှော့စားတဲ့နည်းက ကိုယ်လက်လှုပ်ရှား အားကစားလုပ်တဲ့ နည်းထက် ကိုယ်အလေးချိန် လျော့ကျစေရာမှာ ပိုပြီး ထိရောက်ပါတယ်။
ဒီလိုပြောလိုက်လို့ ကိုယ်လက်လှုပ်ရှားမှု မလုပ်လည်း ရတယ်၊ အရေးမကြီးဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အင်မတန် အရေးကြီးပါတယ်။
ကိုယ်အလေးချိန် လျော့ကျဖို့ အဓိက လိုအပ်ချက်က စားလိုက်တဲ့ ကယ်လိုရီ ပမာဏထက်၊ ကိုယ်လက် လှုပ်ရှားရင်း သုံးစွဲလိုက်တဲ့ ကယ်ရီပမာဏက ပိုများဖို့ပဲ ဖြစ်ပါတယ်။ အဆီတစ်ပေါင်ဟာ ၃၅၀၀ ကယ်လိုရီနဲ့ ညီပါတယ်။ တစ်ရက်ကို စားတာထက် သုံးတာ ကယ်လိုရီ ၅၀၀ ပိုများအောင် လုပ်နိုင်ရင် ၇ ရက်ဆို (၅၀၀ x ၇ = ၃၅၀၀)၊ အဆီတစ်ပေါင် လျော့မှာဖြစ်ပါတယ်။
ဒီအထဲမှာ တစ်ရက်ကို မိနစ် ၃၀ လောက် ခပ်သုတ်သုတ် လမ်းလျှောက်ပေးမယ်ဆိုရင် တစ်ရက် ကယ်လိုရီ ၁၅၀၊ တစ်ပတ်ဆို အဆီ သုံးပုံ တစ်ပုံပေါင် ထပ်လျော့မှာ ဖြစ်ပါတယ်။
ထိုင်နေတာထက်စာရင် ဘယ်လို လှုပ်ရှားမှုမျိုးမဆို ပိုကောင်းတယ် ဆိုပေမယ့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အာနိသင်ရှိဖို့ဆိုရင် အတန်အသင့် ပြင်းထန်ဖို့ လိုပါတယ်။
ဒါကြောင့် တစ်နာရီကို ၃-၄ မိုင်နှုန်းလောက် လျှောက်နိုင်အောင် ကြိုးစားသင့်ပါတယ်။
ချက်ချင်း မဖြစ်နိုင်သေးရင်လည်း အဲဒီနှုန်းလောက် တဖြည်းဖြည်းရောက်အောင်  လုပ်ယူဖို့ လိုပါမယ်။  ကိုယ်အလေးချိန် လျော့ကျလာတဲ့အခါ လေ့ကျင့်ခန်းက ပိုအရေးကြီးလာပါတယ်။
ကြိုးစားပမ်းစား လျှော့ချထားတဲ့ ကိုယ်အလေးချိန် ပြန်တက်မလာအောင် ထိန်းပေးနိုင်တာ အားကစားပဲ ဖြစ်ပါတယ်။ ဒီကိစ္စမှာ အစာလျှော့စားတာထက် လေ့ကျင့်ခန်း လုပ်တာက ပိုစွမ်းပါတယ်။
သုတေသန ပြုလုပ်ချက်တွေအရ ကိုယ်အလေးချိန် ရေရှည်လျှော့ချနိုင်သူတွေဟာ ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်လုပ်ကြတယ်လို့ သိရပါတယ်။
ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စား၊ ပြီးရင် လျှောက်စရာရှိတာ ဆက်လျှောက်ပါလို့ အကြံပေးလိုပါတယ်။

No comments:

Post a Comment