မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

June 26, 2010

သာသနာ့အသက်

“၀ိနယော နာမ သာသနဿ အာယု= ၀ိနည်းသည် သာသနာတော်၏ အသက်ဖြစ်၏”
ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး ဤလောကကြီးအလယ်မှာ တင့်တယ်ထင်ရှားစွာ ပေါ်ပေါက် လာတဲ့အတွက် လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏ မျက်မှောက်ချမ်းသာ၊ တမလွန်ချမ်းသာ အဖြာဖြာတို့ကို ရရှိသဖြင့် အကျိုးများစွာ ဖြစ်စေပါတယ်။ ဘုရားရှင်ရဲ့သာသနာသာ မရှိခဲ့ဘူးဆိုရင် လောကကြီးဟာ အဓမ္မတွေနဲ့ ပြည့်နှက်နေမယ်ဆိုတာ မလွဲပါဘူး။ ဒီတော့ ဘုရားရှင်ရဲ့သာသနာ မကွယ်ပျောက်အောင် သာသနာရဲ့အသက်ဆိုတာဘာလဲလို့ မေးဖို့အရေးကြီးပြီပေါ့။ ဘုရားရှင်၏ အဆုံးအမသြ၀ါဒကို သာသနာဟုခေါ်ပါတယ်။ အရင်းအမြစ်အားဖြင့် ပရိယတ်ဟုခေါ်သော ပိဋကတ်တော်များကို သာသနာဟုခေါ်ပါတယ်။ ထိုပရိယတ် သာသနာတော်မှ ညွှန်ပြသည့်အတိုင်း ကိုယ်နှုတ် ယဉ်ကျေးအောင်ကျင့်ခြင်း “သီလအကျင့်”၊ စိတ်တည်ကြည် ငြိမ်သက်အောင်ကျင့်ခြင်း “သမာဓိအကျင့်”၊ အသိဥာဏ်ပညာ တိုးပွားအောင်ကျင့်ခြင်း “ပညာအကျင့်”များ ကျင့်ကြံအားထုတ်ခြင်းကို ပဋိပတ္တိသာသနာ ဟုခေါ်ပါတယ်။ ထို သီလ၊ သမာဓိ၊ ပညာ အကျင့်ဖြင့် ရရှိအပ် ထိုးထွင်းအပ်သော မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်ကို ပဋိဝေဓသာသနာ ဟုခေါ်ပါတယ်။

သီလ၊ သမာဓိ၊ ပညာအားဖြင့် သိက္ခာသုံးပါး အကျင့်အတရားတွင် သီလသိက္ခာသည် အခြေခံအရင်းမြစ် ဖြစ်ပါတယ်။ သီလစင်ကြယ်မှသာ မှန်ကန်သော တည်ကြည်မှု သမာဓိကို ရနိုင်ပါတယ်။ သမာဓိရှိသူမှသာ ထိုးထွင်းသော အသိဥာဏ်ပညာကို ရရှိနိုင်ပါတယ်။ ဒီတော့သာသနာရဲ့အဓိကအသက်ဟာ အခြေခံအကျဆုံးဖြစ်တဲ့ သီလတရားပါပဲ။ ဒီလိုပါပဲ ရဟန်းတော်များအတွက်လည်း သီလသိက္ခာဖြစ်တဲ့ ၀ိနည်းတရားတော်ဟာ အခြေခံအကျဆုံး သာသနာ့အရင်းမြစ် ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့သာသနာကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့ သာသနာ့ဘောင်အဖွဲ့အစည်း ရေရှည်တည်တံဖို့ဆိုရင် သီလသိက္ခာဖြစ်တဲ့ ၀ိနည်းတရားတော်ဟာ အခြေခံအကျဆုံးပါပဲ။ ၀ိနည်းသိက္ခာဟာ သာသနာရဲ့အသက်ပါ။ ၀ိနည်းတရားတော် သီလအကျင့်ကို မကျင့်ကြံ မစောင့်စည်းခဲ့လျှင် သာသနာတော်မှာ အသက်မရှိတာနဲ့ အတူတူပါပဲ။ သာသနာ့အသက်မရှိတာဟာ သာသနာကွယ်တာနဲ့ အတူတူပါပဲ။ ဒီတော့ သာသနာရဲ့အသက်တမျှ အရေးကြီးတဲ့ သီလသိက္ခာဖြစ်တဲ့ ၀ိနည်းတရားတော်ကို စောင့်ထိန်းလိုက်နာဖို့ဟာ အရေးကြီးပြီပေါ့။

ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့အတွက်ဆိုရင်.. ဘုရားရှင်ရဲ့ အဆုံးအမတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်တို့နှင့် ပြည့်စုံတဲ့ ဘုရားတပည့်သား သံဃာတော်တွေ အခိုင်အမာရှိဖို့ လိုအပ်သလို.. သာသနာတော်ကို တကယ်သက်ဝင်ယုံကြည်ကိုးကွယ်ပြီး သံဃာစစ် သံဃာမှန်ကို ကိုးကွယ်ဆည်းကပ်ကြည်ညိုတတ်တဲ့ လူပုဂ္ဂိုလ်တွေလည်း များစွာလိုအပ်ပါတယ်။ သံဃာစစ် သံဃာမှန်ကို ကိုးကွယ်ဆည်းကပ်တတ်ဖို့ အဓိကလိုအပ်ချက်မှာ ဘုရားရှင်ရဲ့အဆုံးမဖြစ်တဲ့ သံဃာတော်တွေ လိုက်နာစောင့်ထိန်းအပ်တဲ့ ၀ိနည်းသိက္ခာကို သိဖို့လိုပါတယ်။ “ကြည်ညိုရာမှာများသံဃာ ကိုးကွယ်ရာမှာ ရွေးချယ်ပါ” ဆိုတဲ့ ဆုံးမစကားရှိပါတယ်။ သံဃာကိုမြင်ရင် သံဃာရဲ့ဂုဏ်ကို ရည်မှန်းပြီး ကြည်ညိုလိုက်ပါ.. သို့သော် သံသရာအတွက် သာသနာအတွက်ဆိုရင်ဖြင့် ရွေးချယ်စီစစ်ကိုးကွယ်တတ်ဖို့ဟာ အရေးကြီးပါတယ်။ ဒီလိုမှဟုတ်ရင် ဘုရားရှင်ရဲ့အဆုံးအမဖြစ်တဲ့ သာသနာရဲ့အသက်ဖြစ်တဲ့ ၀ိနည်းတရားကိုမလိုက်နာတဲ့ သံဃာ့အရည်ခြုံထားတဲ့သူများကို ကိုးကွယ်မိမယ်ဆိုရင်ဖြင့် မိမိကိုယ်တိုင် သာသနာ့အသက်ကို ဖျက်ဆီးပြစ်နေတဲ့သူ မီးပုံကို ဓါတ်ဆီလောင်းပေးတဲ့သူ ဖြစ်နေပါတယ်။ ဒါမို့လို့ သာသနာကိုချီးမြောက်မယ့် လူပုဂ္ဂိုလ်တွေဟာ ၀ိနည်းတရားကိုသိဖို့ လိုအပ်တယ်ဆိုတာ ပြောလိုတာပါ။

လူတွေဝိနည်းသိဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းကို လယ်တီဆရာတော်ဘုရားကြီးက ဓမ္မဒီပနီကျမ်းမှာ သြ၀ါဒပေးပြီး ရေးသားထားပါတယ်။ “ယခုအခါ ဗုဒ္ဓဘာသာ သာသနာမှာလည်း လူဝိနည်းတတ် ပေါများ၍ ၀ိနည်းတရားနှင့် မညီသောရဟန်းတို့ကို ပိုးစိုးပက်စက် ဆိုရက် ပြောရက်သူများ ပေါများလျှင် သာသနာတော်မှာ ကောင်းဖို့ရာဖြစ်၏.. လူတို့က ၀ိနည်းကိုသိ၍ ၀ိနည်းရှိတိုင်း ညီညွတ်အောင် မကျင့်သော ရဟန်းကို အလှူ လှူဒါန်းသူ ကိုယ်ကွယ်သူ မရှိဘဲ နေခဲ့မူကား သာသနာတော်၌ အလွန်ကောင်းဖို့ရာဖြစ်၏.. ပစ္စည်းလေးပါးတို့ဖြင့် အားပေးချီးမြှောက်ထောက်ပံ့လှူဒါန်းခြင်းကို ပြုကြမူကား အဘယ်အခါမှ သာသနာတော် ထင်ပေါ်ကြီးရင့် ဂုဏ်သီးရင့်၍ ထွန်းတင့် ကောင်းစားနိုင်တော့မည် မဟုတ်ပေ” ဟု ဆရာတော်ဘုရားကြီးက ဂရုဏာရှေ့ထားပြီး ရေးသားထားပါတယ်။ အင်မတန်အကျိုးများစေတဲ့ ဆုံးမသြ၀ါဒပါပဲ။ သာသနာ့ရှေ့ရေးကို မှန်းမျှော်ပြီး ဟောပြဆုံးမပေးတဲ့ လယ်တီတရာတော်ဘုရားရဲ့ အဆုံးအမကား နှလုံးသားထဲမှာ စွဲထင်နေအောင် မှတ်သားသင့်ပါတယ်။

လူတွေဝိနည်းသိသင့်တယ်ဆိုတဲ့အကြောင်းကို ညောင်တုန်းမြို့ ရွှေဟင်္သာတိုက် ပထမစံကျောင်းဆရာတော် ဘုရားကြီးက မင်္ဂလာအဖွင့်အကျယ် လက်စွဲကျမ်းမှာလည်း သြ၀ါဒပေးထားပြန်ပါသေးတယ်။ “သာသနာတော်ကို အဟုတ်တကယ် ကောင်းစေလိုပါက လူရှိသမျှ ၀ိနည်းကို တတ်မြောက်အောင်သင်ကြား ပြီးလျှင် ၀ိနည်းနှင့် မညီသော ရဟန်းတော်ဟူသမျှတို့ကို ကဲ့ရဲ့ကြလျှက် ၀ိနည်းနှင့်အညီကျင့်သော ရဟန်းတော်တို့ကို ရွေးချယ်၍ ကိုးကွယ်ဆည်းကပ်ကြမှသာလျှင် ဤသာသနာကြီးသည် နေလပမာ လွန်စွာ ထွန်းလင်းပေလိမ့်မည်.. မိမိတို့ကိုယ်တိုင်က ၀ိနည်းမတတ်ခဲ့၍ရှိခဲ့လျှင် ဤရဟန်းကား ၀ိနည်းဒေသနာတော်နှင့်အညီ ကျင့်ကြံနေထိုင်သော ရဟန်းမဟုတ်ဟု ခွဲခြား၍ သိနိုင်တော့မည် မဟုတ်သဖြင့် ၀ိနည်းသိက္ခာပုဒ်နှင့် မညီသော ရဟန်းများကိုပင် ရဟန်းကောင်း ရဟန်းမြတ်အထင်နှင့် အားပေးချီးမြှောက်ပြုမိက အရှက်မရှိသော ရဟန်းအား အားပေးချီးမြှောက်မှု “အလဇ္ဇီပဂ္ဂဟ” ၌သာတည်၍ မြတ်စွာဘုရား သာသနာတော်၌ အရှက်မရှိ အလဇ္ဇီ ပုဂ္ဂိုလ်တွေသာ မြောက်မြား အားရှိခဲ့ရာ၏.. ထိုသို့ဖြစ်က ဤသာသနာတော်ကြီးသည် ဘယ်အခါမှ ကောင်းတော့မည်မဟုတ်ချေ.. ထို့ကြောင့် ၀ိနည်းတရားတော်နှင့် တကွ သုတ်- အဘိဓမ္မာတရားတို့ကို စွမ်းအားရှိသမျှ ထွန်းလင်းပြန့်ပွားအောင် အားထုတ်ကုန်ရာ၏.. ထိုဝိနည်းတရားတော်တည်မှ သာသနာတော် အရှည်တည်တံ့နိုင်မည်၊ ၀ိနည်းတရားတော် ပွင့်လင်းမှ သာသနာတော် အရှည်ပွင့်လင်း တောက်ပနိုင်မည်.. ၀ိနည်းတရားတော် ကွယ်ပျောက်က သာသနာတော် ကွယ်ပျောက်ပေလိမ့်မည်” ဟု ဆုံးမသြ၀ဒပေးခဲ့ပါတယ်။ ဒီအချက်ဟာ သာသနာတော်ကို ဆည်းကပ်ကိုးကွယ်တဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ ၀ိနည်းတရားတော်ကိုသိဖို့ ဘယ်လောက်ထိ အရေးကြီးလဲဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။

ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက် ဖြစ်မည်ဆိုလျှင် ဘုရားရှင်ဆုံးမခဲ့တဲ့ အဆုံးအမတွေကို တန်ဖိုးထား လိုက်နာကျင့်ကြံဖို့လိုအပ်သလို ဘုရားရှင်ရဲ့အဆုံးအမဖြစ်တဲ့ သာသနာတော်ကို အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းဖို့မှာ တာဝန်ရှိပါတယ်။ ဒီဟာတကယ်တော့ တာဝန်မဟုတ်ပါဘူး.. ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှင်ရဲ့ မေတ္တာတော်အနန္တကို တန်ဖိုးထားမယ်ဆိုရင် ရှိထားသင့်တဲ့ အသိစိတ်ဓါတ်ပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင်တောင်မှ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပါတ်လုံး သတ္တ၀ါတွေကယ်တင်ဖို့အတွက် လက်တကမ်းအလိုမှာ ရရှိနိုင်တဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ် နိဗ္ဗာန်မြတ်ကို ဘေးဖယ်ပြီး သတ္တ၀ါတွေအားလုံးအတွက် ပါရမီတော်တွေကို မနားမနေ ဖြည့်ဆီးခဲ့ရတာပါ။ အသက်သွေးချွေးတွေ မရေမတွက်နိုင်လောက်တဲ့ အထိပါပဲ။ ဒါကိုမှ ကိုယ်ကတာဝန်မဲ့သလို ကိုယ်နဲ့မဆိုင်သလို ဘုရားရှင်ရဲ့သာသနာကို ဖြစ်ချင်ရာဖြစ် မျက်နှာလွှဲထားမယ်ဆိုရင်ဖြင့်.. မေးလိုက်ချင်ပါတယ်.. ဘုရားကို ဘာလို့ရှိခိုးနေတာလဲလို့..။

ယခုအချိန်အခါမှာ ဘုရားရှင်ရဲ့သာသနာတော်ကို အဖက်ဖက်မှပျက်ဆီးအောင် နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်နေတာတွေ ရှိပါတယ်။ ဘာသာတိုင်းလိုလိုမှ တိုက်ခိုက်ခြင်းခံရသလို မိမိဘာသာတွင်းမှာလည်း လိုက်လံဖျက်ဆီးနေတာတွေ အများအပြားရှိပါတယ်။ တကယ်တော့ အပြင်ပိုင်းအနေနဲ့ ဘယ်လောက်ပဲ လိုက်လံဖျက်ဆီးနေပါစေ ဘုရားရှင်ရဲ့သာသနာ မကွယ်ပျောက်နိုင်ပါဘူး.. ဘုရားရှင်ရဲ့သာသနာ ကွယ်ပျောက်နိုင်ဆုံးမှာ ဘုရားရှင်ရဲ့ သာသနာတွင်းထဲမှာ လိုက်လံဖျက်ဆီးနေတဲ့ ဓမ္မဟန်ဆောင် အဓမ္မတွေပါပဲ။ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ပြင်ချင်သလိုပြင် ဖျက်ချင်သလိုဖျက်နေတာဟာ သာသနာတွင်းထဲကနေပဲ လုပ်နိုင်တာပါ။ ဒါနမလိုဘူး၊ သီလမလိုဘူး၊ ၀ိနည်းဆိုတာ အရေးမကြီးဘူး၊ ဘုရားဟောတွေမှာ အမှားတွေပါတယ်၊ ပိဋကတ်တော်တွေမှာ လိုနေတာတွေရှိတယ်ဆိုပြီး လုပ်ချင်ရာတွေလုပ် ပြောချင်ရာတွေ ပြောနေတာဟာ ဓမ္မကိုလုပ်သလိုလိုနဲ့ အဓမ္မဘက်ကို လုံးဝရောက်နေတာပါ။ ဘုရားဟော အဆုံးအမတွေကို ပယ်ပြီး လုပ်ချင်တာလုပ် ပြောချင်တာပြောနေမယ်ဆိုရင်တော့ သူ့ဘာသာ ဓမ္မပါလို့ ဘယ်လောက်ကြီးပဲ အော်နေပါစေ... အဓမ္မလို့ တစ်လုံးထဲပဲ သုံးလိုက်ပါရစေ။

ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ အဓိပ္ပါယ်ကိုက ဘုရားအဆုံးအမကို လိုက်နာကျင့်ကြံသူဆိုတဲ့ အဓိပ္ပါယ်ပါ။ ဘုရားရှင်ရဲ့ အဆုံးအမကို ဖယ်ပြီး လုပ်ချင်ရာလုပ်မယ်ဆိုရင် သူဟာ ဗုဒ္ဓဘာသာဝင်မဟုတ်တော့ဘူးလို့ ပြောလို့ရပါတယ်။ ဒီလိုပါပဲ ဘုရားအဆုံးအမအတိုင်း မလိုက်နာမကျင့်ကြံတဲ့ ရှင်ရဟန်းတွေ ရှိမယ်ဆိုရင်လည်း ဘုရားရှင်မျက်နှာကို ကြည့်ပြီး ဆရာစွဲ ဂိုဏ်းစွဲမထားပဲ ပယ်သင့်ရင်ပယ်ရမှာပါပဲ။ ဒါမှ ဘုရားရှင်သာဓုခေါ်မှာ ဖြစ်သလို ဘုရားရှင်ရဲ့ အသက်သွေးနဲ့ရင်းပြီး တည်ဆောက်ခဲ့တဲ့ သာသနာတော်ကြီးလည်း အဓွန့်ရှည် တည်တံ့ခိုင်မြဲမှာပါ။ ဒီလိုမျိုး သံဃာစစ်သံဃာမှန်ကို ရွေးချယ်ဖို့အတွက် လူပုဂ္ဂိုလ်တွေ အနေဖြင့် ဘုရားရှင်အဆုံးအမဖြစ်တဲ့ သီလသိက္ခာ ၀ိနည်းတရားတော်ကို လေ့လာကြပါလို့ တိုက်တွန်းလိုပါတယ်။ ဘုရားရှင်ရဲ့ ကျေးဇူးတော်အနန္တကို တန်ဖိုးထားရင်ဖြင့် ဘုရားအဆုံးအမဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာဖြင့် ပြည့်ဝသော ရှင်ရဟန်းများကို မှီဝဲဆည်းကပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း… “၀ိနည်းတရားလူအများ သင်ကြားသင့်သည်သာ၊ ၀ိနည်းတရား မသိငြား အမှားကိုးကွယ်မှာ၊ ၀ိနည်းတရား တတ်သူများ စည်ကားသာသနာ၊ ၀ိနည်းသင်ခြင်းများပြားလျှင် သန့်ရှင်းသာသနာ၊ ၀ိနည်းသင်ကာ သာသနာသန့်ငှာပြုစုပါ၊ ၀ိနည်းသင်ကာ သာသနာရှင်းငှာ ပြုစုပါ” ။ ဘုရားရှင်၏သာသနာ နေလိုလလိုထွန်းလင်းတောက်ပပါစေ…။

မှတ်ချက်။ ။ ဓမ္မဒူတ-အရှင်ပညာဇောတ၏ ဗုဒ္ဓဓမ္မပြဿနာများစာအုပ်ကို မှီငြမ်းကိုးကားပါသည်။

http://www.dhammamittar.com/

No comments:

Post a Comment